Welcome

myKyat mobile money မကြာမှီ စတင်မိတ်ဆက် နိုင်တော့မည် ဟု Frontier Technology Partners ၏ CEO Tim Scheffmann မှ 7 Day Daily သတင်းစာသို့ပြောကြား

03 Nov, 2014

မိုဘိုင်းဖုန်းဖြင့်ငွေကြေးဝန်ဆောင်မှုများ၊ လုပ်ငန်းများဆောင်ရွက်နိုင်မည့် MyKyat Mobile Money ၀န်ဆောင်မှုကို ပထမပုဂ္ဂလိကဘဏ်နှင့် ပူးပေါင်း၍ 2014 ဇန်န၀ါရီအတွင်း ပေးသွားမည်ဖြစ်ကြောင်း Frontier Technology Partners ကုမ္ပဏီမှ သတင်းရရှိသည်။
“MyKyat ကိုလွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကစပြီးတော့ စမ်းသပ်ခဲ့တာ အခုဆို 90 ရာခိုင်နှုန်းလောက်ပြီးသွားပါပြီ။ 2015 ဇန်န၀ါရီလအတွင်းမှာ ပြည်တွင်းက လူအားလုံးနဲ့ အဆင်ပြေမယ့် Eco System နဲ့မိုဘိုင်းငွေပေးချေတဲ့ ၀န်ဆောင်မှုတွေကို ပေးသွားမှာ ဖြစ်ပါတယ်” ဟု Frontier Technology Partners ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Tin Scheffmann ကပြောသည်။

MyKyat Mobile Money ၀န်ဆောင်မှုအား သုံးစွဲမှုအပေါ်မူတည်ပြီး လိုက်လျောညီထွေရှိမည့် ၀န်ဆောင်မှုပုံစံဖြင့် ပေးသွားမည်ဖြစ်ပြီး လယ်သမားများ၊ ကျောင်းသားများ၊ လူငယ်များ၊ အလုပ်သမားများနှင့် လုပ်ငန်းရှင်များ ဟူ၍ သုံးစွဲသူပေါ်မူတည်ပြီး ၀န်ဆောင်မှုပုံစံများ ကွဲပြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“MyKyat က ကျေးလက်ဒေသက လူတွေကို အဓိက ဦးတည်ပြီးတော့ လုပ်သွားပါမယ်။ လက်ရှိမှာ အေးဂျင့်တွေရှာနေသလို၊ အော်ပရေတာတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့အတွက်လုပ်နေပါတယ်” ဟု Tim Scheffmann ကပြောသည်။
My Kyat Mobile Money ၀န်ဆောင်မှုမှာ မိုဘိုင်းဖုန်းများအချင်းချင်း ငွေလွှဲပေးပို့နိုင်ရုံသာမက ဈေးဝယ်ယူခြင်း၊ လစာငွေများလွှဲခြင်း၊ စားသောက်ကုန်များဝယ်ယူခြင်း၊ ဖျော်ဖြေရေးကိစ္စရပ်များအတွက် ငွေလွှဲခြင်းအစရှိသည့် ၀န်ဆောင်မှုများကိုလည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်ပြည်တွင်း၌ မိုဘိုင်းငွေကြေးဝန်ဆောင်မှုကို Myanmar Mobile Money က၀န်ဆောင်မှုများ ပေးလျက်ရှိသည်။

Ref: 7 Day Daily
November 3, 2014