Welcome

ဖုန်းတစ်လုံးကိုပိုက်ဆံအိတ်သဖွယ်သုံးနိုင်မည့် myKyat

22 Dec, 2014

မိုဘိုင်းဖုန်းတစ်လုံးဟာ သုံးစွဲသူတစ်ဦးအတွက်ဘယ်လောက်အရေးပါလာပြီလဲဆိုတာ ထင်မြင်ချက်ပေးစရာမလိုဘဲ၊ မြင်ရုံဖြင့်သိနိုင်နေပြီ ဖြစ်ပါတယ်။ ကျွန်ုပ်တို့နေ့စဉ်ဘ၀မှာ အသက်ရှင်သန်ဖို့အတွက် အရေးပါတဲ့ အရာဝတ္ထုတွေကို စမ်းစစ်ကြည့်မယ်ဆိုပါကလည်း မိုဘိုင်းဖုန်းတစ်လုံးဟာ အပါအ၀င်ကိုဖြစ်လာပြီဖြစ်ပါတယ်။ ယခုဆိုလျှင် အင်တာနက်ဆိုသောအရာကြီးကို လူတိုင်းရင်းနှီးကျွမ်းဝင်နေကြပြီဖြစ်သလို လူတိုင်းကလည်း သုံးစွဲနေကြပြီ ဖြစ်ပါတယ်။ အင်တာနက်လိုင်းတွေတိုးတက်ကောင်းမွန်လာတာနဲ့အမျှ သုံးစွဲသူဦးရေကလည်း တိုးတက်မြင့်မားနေဦးမှာ ဖြစ်ပါတယ်။ အဲ့ဒီလို အင်တာနက်ကို လူတွေစိတ်ဝင်စားမှုများပြားလာတဲ့အချိန်မှာ Developer အများစုဟာလည်း သူတို့ရဲ့နည်းပညာတွေ အတတ်ပညာတွေနဲ့ ပြည်သူတွေကို ချပြဖို့ကြိုးစားကြပါတယ်။ ဒီနှစ်ဟာလည်း ထူးခြားမှုတွေပြည့်နှက်နေတဲ့နှစ်တစ်နှစ် ဖြစ်ခဲ့သလို တိုးတက်မှုတွေလည်း များစွာရှိခဲ့တဲ့နှစ်ဆိုရင်လည်း မမှားပါဘူး။ ဒီနှစ်ထဲမှာ နည်းပညာပိုင်းနဲ့ကြည့်မယ်ဆိုရင် Application တွေ၊ Handset တွေ၊ software တွေအပြင် အခြားသောလူ့အသုံးအဆောင်ပစ္စည်းတော်တော်များများဝင်ရောက်ခဲ့တဲ့နှစ်လည်းဖြစ်ပါတယ်။ အခုဆိုရင် လူထုပိုပြီး စိတ်ဝင်စားနေတဲ့ နည်းပညာတစ်ရပ်ရှိပါတယ်။ အဲဒါက မိမိဖုန်းကို ပိုက်ဆံအိတ်အဖြစ်သုံးစွဲနိုင်တဲ့ နည်းပညာတစ်ရပ်ပြောရရင် Mobile Money Service ပေါ့။ Myanmar Mobile Money ၀န်ဆောင်မှုကို ယခုနှစ်ထဲမှာပဲ စတင်ခဲ့တာဖြစ်ပြီး ၄င်းနဲ့ခပ်ဆင်ဆင်ဖြစ်တဲ့ myKyat ကိုလည်း ယခုနှစ် ဒီဇင်ဘာလထဲမှာ မိတ်ဆက်ခဲ့ပြန်ပါသေးတယ်။ သုံးစွဲလိုသူတွေအနေနဲ့  myKyat ကိုသုံးစွဲခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးတွေ အသုံးပြုပုံတွေ၊ ဘယ်လိုဝန်ဆောင်မှုတွေကို သုံးစွဲနိုင်တယ်ဆိုတာကအစ သိရှိနိုင်ရန်ဖော်ပြပေးချင်ပါတယ်။

 

myKyat အကြောင်း

myKyat ဆိုတာဘဏ်စနစ် ဖွံ့ဖြိုးခြင်းမရှိသေးသောဒေသများရှိပြည်သူများပါဝင်လာစေရေးအတွက် ကိုယ်စားလှယ်များက ရှေ့တန်းမှဦးဆောင်ပြီးလုပ်ကိုင်သော ဘဏ္ဍာရေးဝန်ဆောင်မှုဖြစ်သည်။ ထို့အပြင် ဘဏ်ခွဲနှင့် ATM စက်များ လက်လှမ်းမမှီသောဒေသများတွင် အသုံးပြုနိုင်သော ဘဏ္ဍာရေးဝန်ဆောင်မှုလည်းဖြစ်သည်။ စားသုံးသူဆွဲဆောင်သိမ်းသွင်းခြင်းနှင့် ၀န်ဆောင်မှုများတွင် ကုန်ကျစရိတ်လျှော့ချနိုင်ခြင်း၊ ပုံမှန်ဘဏ်စာရင်းရှိရန်မလိုအပ်ခြင်းတို့ကြောင့် မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေပေးချေလွှဲပြောင်းနိုင်သော စနစ်တစ်ခုလည်းဖြစ်သည့် ကမ္ဘာကျော် SAP (System Application & Products) ၏ Sybase 365 Mobiliser ကို အခြေခံထားတဲ့စနစ်ဖြစ်ပြီး ငွေကြေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီသော ၀န်ဆောင်မှုလည်းဖြစ်သည်။ ရိုးရိုးဖုန်း၊ စမတ်ဖုန်းနှစ်မျိုးလုံးတွင် အသုံးပြုနိုင်ပြီး မိုဘိုင်းဘဏ်စာရင်းဖွင့်ထားသူ၊ မဖွင့်ထားသူအားလုံးအသုံးပြုနိုင်သောစနစ်တစ်ခု ဖြစ်သည်။

 

myKyat သုံးစွဲခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး

myKyat ကိုသုံးစွဲခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက လွယ်ကူခြင်း၊ လုံခြုံ ခြင်း၊ မြန်ဆန်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်းတို့ကို ရရှိမှာဖြစ်သည်။

 

လွယ်ကူခြင်း

myKyat ဖြင့် အချိန်မရွေး (24/7)၊ ဒေသမရွေး၊ အလွယ်တကူငွေလွှဲနိုင်ပြီး နီးစပ်ရာကိုယ်စားလှယ်ထံမှာ အလွယ်တကူငွေလွှဲငွေထုတ်နိုင်ခြင်းကြောင့် သုံးစွဲရလွယ်ကူစေသည်။

 

လုံခြုံခြင်း

မိမိစိတ်ကြိုက် လျှို့ဝှက်နံပါတ်ထားနိုင်ခြင်းကြောင့် မိမိ၏ငွေများကို ဘဏ်သဖွယ် လုံခြုံစိတ်ချစွာ ထားရှိနိုင်မည်ဖြစ်သည်။

 

မြန်ဆန်ခြင်း

မိုဘိုင်းဖုန်းတွေကိုပဲ အသုံးပြုပြီး အချိန်နှင့်တပြေးညီ ငွေလွှဲ၊ ငွေပို့လုပ်နိုင်ခြင်းကြောင့် အချိန်ကုန်သက်သာနေမည်ဖြစ်သညါ။

 

ကုန်ကျစရိတ်သက်သာခြင်း

မိမိ၏ မိုဘိုင်းဖုန်းကို အသုံးပြုပြီး ငွေကြေးကို စီမံခန့်ခွဲနိုင်ခြင်းကြောင့် ကုန်ကျစရိတ်တွေ သိသိသာသာလျော့ကျသွားမှာဖြစ်သည်။

ယခုလက်ရှိမှာ သုံးစွဲနိုင်တဲ့ ၀န်ဆောင်မှု ၉ မျိုးရှိသည်။ နောက်ပိုင်းပိုမိုများပြားလာအောင် လုပ်ဆောင်လျက်ရှိသည်။ လက်ရှိသုံးနိုင်တဲ့ ၀န်ဆောင်မှုတွေက ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ ငွေတောင်းခံခြင်း၊ ဘီလ်ပေးဆောင်ခြင်း၊ မိုဘိုင်းဖုန်းဖြင့် ငွေဖြည့်ခြင်း၊ စားရင်းရှိငွေ စစ်ဆေးခြင်း၊ myKyat စာရင်းရှိသူထံငွေလွှဲခြင်း၊ myKyat စာရင်းမရှိသူထံ ငွေလွှဲခြင်းနှင့် လျှို့ဝှက်နံပါတ် ပြောင်းလဲခြင်းတို့ပဲ ဖြစ်သည်။

 

ငွေသွင်းခြင်း (Deposit Money)

အသုံးပြုလိုသူသည် myKyat ကိုယ်စားလှယ်များထံတွင် မိမိ၏ myKyat စာရင်းသို့ ထည့်သွင်းလိုသော ပမာဏကို ဖြည့်သွင်းနိုင်မည်ဖြစ်သည်။ ပမာဏသတ်မှတ်ထားခြင်းမျိုးမရှိပေ။ မိမိတတ်နိုင်သလောက် ထည့်သွင်းထားနိုင်သည်။ ၀န်ဆောင်ခဖြတ်တောက်မည်မဟုတ်ပေ။

 

ငွေထုတ်ခြင်း (Withdraw Money)

မိမိထံ လွှဲပို့လာသောငွေများ (သို့) မိမိ myKyat စာရင်းထဲမှ ငွေများကို ထုတ်ယူလိုပါက နီးစပ်ရာ myKyat ကိုယ်စားလှယ်များထံတွင် အလွယ်တကူထုတ်ယူနိုင်မည်ဖြစ်သည်။ ထုတ်ငွေပမာဏကို သတ်မှတ်ထားပါသည်။ တစ်ရက်ကို ၁၀သိန်း (သို့) သုံးကြိမ်ထက်ပိုထုတ်ခွင့်ပြုမည်မဟုတ်ပေ။ ငွေထုတ်ခြင်းအတွက် ၀န်ဆောင်ခဖြတ်တောက်မည်ဖြစ်ပြီး ဘဏ်မှ သတ်မှတ်ထားသောငွေကြေး ၀န်ဆောင်မှုအတိုင်း ဖြတ်တောက်သွားမည်ဖြစ်သည်။

 

ငွေတောင်းခံခြင်း (Request Money)

myKyat စာရင်းရှိသူုသည် မိမိလိုအပ်သော ငွေပမာဏအား အခြားသော myKyat စာရင်းရှိသော မိဘ၊ ဆွေမျိုး၊ သူငယ်ချင်းများထံမှ ငွေတောင်းခံနိုင်သည်။ ယင်းဝန်ဆောင်မှုအတွက်လည်း ၀န်ဆောင်ခပေးစရာမလိုပါ။

 

ဘီလ်ပေးဆောင်ခြင်း (Bill Payment)

myKyat စာရင်းရှိသူသည် မိမိလစဉ်ပေးရန်ရှိသော အိတ်များကို အချိန်မကုန်၊ လူမပင်ပန်းဘဲ၊ မိမိ၏ မိုဘိုင်းဖုန်းမှတစ်ဆင့် myKyat ဖြင့် ချိတ်ဆက်ထားသော အဖွဲ့အစည်းများထံသို့ အလွယ်တကူပေးဆောင်နိုင်မည်ဖြစ်သည်။ လက်ရှိတွင် ယင်းဝန်ဆောင်မှုအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး 2015 ခုနှစ်အတွင်း သုံးစွဲနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

 

မိုဘိုင်းဖုန်းဖြင့် ငွေဖြည့်ခြင်း (Top up)

မိမိ၏ မိုဘိုင်းဖုန်းကိုသော်လည်းကောင်း၊ အခြားသူ၏ မိုဘိုင်းဖုန်းကိုသော်လည်းကောင်း myKyat မှတစ်ဆင့် ငွေဖြည့်ပေးနိုင်သည်။

 

စားရင်းရှိငွေစစ်ဆေးခြင်း (Check Balance)

မိမိ၏ myKyat လက်ကျန်စာရင်းအား အချိန်မရွေး၊ နေရာမရွေး၊ မိမိမိုဘိုင်းဖုန်းမှတဆင့် အလွယ်တကူဝင်ရောက် စစ်ဆေးနိုင်သည်။

 

လျှို့ဝှက်နံပါတ်ပြောင်းလဲခြင်း (Change PIN)

မိမိ၏ myKyat စာရင်းလျှို့ဝှက် Pin နံပါတ်ကိုလည်း မိမိစိတ်ကြိုက် သတ်မှတ်နိုင်ပြီး၊ အချိန်မရွေးပြောင်းလဲနိုင်မည်ဖြစ်သည်။ Pin နံပါတ်ကို လေးလုံးမှ ခြောက်လုံးအထိ သတ်မှတ်နိုင်သည်။

 

myKyat စာရင်းရှိသူထံငွေလွှဲခြင်း (Sent Money to myKyat Customer)

သင်သည် myKyat စာရင်းရှိသူဖြစ်ပါက အခြား myKyat စာရင်းရှိသူထံသို့ သင်၏ မိုဘိုင်းဖုန်းကို အသုံးပြု၍ အလွယ်တကူငွေလွှဲပို့နိုင်သည်။ အကယ်၍ စာရင်းမရှိသူဖြစ်ပါကလည်း နီးစပ်ရာ myKyat ကိုယ်စားလှယ်များထံမှ တစ်ဆင့် အခြား myKyat စာရင်းရှိသူထံသို့ အချိန်မရွေး၊ နေရာမရွေး ငွေလွှဲပို့နိုင်ပါသည်။

 

myKyat စာရင်းမရှိသူထံ ငွေလွှဲခြင်း (Sent Money to Unregistered Customer)

သင်၏ myKyat စာရင်းမှအခြား myKyat စာရင်းမရှိသူထံသို့ မိမိမိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေလွှဲပို့နိုင်ပါသည်။ ထို့အတူ myKyat စာရင်းမရှိသူ အချင်းချင်းလည်း နီးစပ်ရာ ကိုယ်စားလှယ်များမှ တစ်ဆင့် ငွေလွှဲပို့ခြင်း ပြုလုပ်နိုင်သည်။

 

စာရင်း (သို့) myKyat စာရင်း

စာရင်း (သို့) myKyat စာရင်း (သို့) သိမ်းထားသောစာရင်းဆိုသည်မှာ ကိုယ်စားလှယ် (သို့) ဘဏ်တွင်မှတ်ပုံတင်ထားသော မိမိ၏ myKyat မိုဘိုင်းဘဏ်စာရင်းဖြစ်သည်။

 

ကိုယ်စားလှယ်

ကိုယ်စားလှယ်ဆိုသည်မှာ myKyat စာရင်းဖွင့်ခြင်းနှင့် အခြားသော myKyat ၀န်ဆောင်မှုများကို အသုံးပြုသူများအား ကူညီဆောင်ရွက်ပေးရန် ဘဏ်မှ တာဝန်ပေးထားသော ကိုယ်စားလှယ်ဖြစ်သည်။

 

အကောင်အထည်ဖော်ဆောင်ရွက်ခဲ့

2015 ဇန်န၀ါရီ (သို့) ဖေဖော်ဝါရီလတွင် ရန်ကုန်တစ်မြို့လုံး သုံးစွဲနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ myKyat ၀န်ဆောင်မှုစတင်ဖြစ်ပေါ်ဖို့အတွက် အချိန် နှစ်နှစ်ယူခဲ့ရပြီး အများပြည်သူ ယုံကြည်စိတ်ချရသော ပထမပုဂ္ဂလိကဘဏ်၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာစိန်မောင်မှ ဦးဆောင်၍ အများပြည်သူငွေကြေးဝန်ဆောင်မှုအခန်းကဏ္ဍတစ်ရပ်အဖြစ် Mobile Money အစီအစဉ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

 

myKyat ကို ဘယ်လိုသုံးရမလဲ

myKyat ကိုသုံးစွဲရာမှာ လေးမျိုးသုံးနိုင်သည်။ USSD မှ သော်လည်းကောင်း၊ SMS မှသော်လည်းကောင်း၊ Webportel မှ သော်လည်းကောင်း၊ Mobile Application မှသော်လည်းကောင်း သုံးစွဲနိုင်သည်။ USSD နှင့် SMS မှ သုံးစွဲမည်ဆိုပါက Internet နှင့် ချိတ်ဆက်ပြီး သုံးစွဲရန် မလိုပါ။ အကယ်၍ Webportel နှင့် Mobile Application မှ သုံးစွဲမည်ဆိုပါက အင်တာနက်နှင့် ချိတ်ဆက်သုံးစွဲရမည်ဖြစ်သည်။

 

ကိုယ်စားလှယ်အသစ်များအား ဖိတ်ခေါ်

လက်ရှိအချိန်မှာ ကိုယ်စားလှယ်အသစ်များကို ချဲ့ထွင်စုဆောင်းလျက်ရှိသည်။ ကိုယ်စားလှယ်လျှောက်လိုသူတွေအနေနဲ့ ဆိုင်အမျိုးအစားတစ်ခုခုကို ပိုင်ဆိုင်ထားသူများ၊ ငွေကြေးဝန်ဆောင်မှုအတွေ့အကြုံရှိသူများ၊ စီးပွားရေးလုပ်ငန်းတစ်ခုခုကို ပိုင်ဆိုင်ထားသူများ ငွေသွင်း ငွေထုတ်ကိုယ်စားလှယ်အဖြစ် ပူးပေါင်းလုပ်ကိုင်လိုသူများအားလုံးကို ဖိတ်ခေါ်ထားသည်။

 

ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်

myKyat ၏ ၀န်ဆောင်မှုတွေကို သုံးစွဲသည့်အခါ သုံးစွဲသူတွေအနေနဲ့ ယုံကြည်စိတ်ချနိုင်ပါသည်။ ခန့်အပ်ထားသော ကိုယ်စားလှယ်များကိုလည်း myKyat မှ စိစစ်ခန့်အပ်ထားသောကြောင့် ငွေကြေးလွှဲပြောင်းမှုကို ယုံကြည်စိတ်ချနိုင်သည်။

 

 နေဦးလွင်

 Mobile Guide Journal (Vol: 2, Issue: 84)