Welcome

လုံခြုံ မြန်ဆန် ဒို့ပိုက်ဆံလို့ ဆိုတဲ့ myKyat

11 Dec, 2014

အခုဆိုရင် လူတော်တော်များများရဲ့ လက်ထဲမှာ မိုဘိုင်းဖုန်းကိုယ်စီ ရှိနေကြပါပြီ။ မိုဘိုင်းဖုန်းကိုင်ဆောင်အသုံးပြုတဲ့သူတွေ တိုးတက်များပြားလာတာနဲ့ အမျှ မိုဘိုင်းဖုန်းနဲ့ ပတ်သက်ဆက်စပ်တဲ့ ၀န်ဆောင်မှုတွေလည်း များပြားလာခဲ့ပါတယ်။ ပြည်တွင်းမှာ e-commerce ကိုသာမက အခုဆိုရင် m-commerce ဘက်ကိုပါ တဖြည်းဖြည်းဦးတည်ဆောင်ရွက်လာခဲ့ကြပါတယ်။ အဲဒီ m-commerce စနစ်ကို ဖော်ဆောင်နိုင်ဖို့အတွက် ပြည်တွင်းမှာ Mobile Banking System ကို (2013) ခုနှစ်အတွင်း CB Bank စတင်ခဲ့ပါတယ်။ နောက်တစ်ခုကတော့ အခုအားလုံးသိကြတဲ့ Myanmar Mobile Money ပါ။

CB Bank Mobile Application Systerm နဲ့ Myanmar Mobile Money တို့လိုပဲ myKyat ကလည်း Mobile Money ဆိုင်ရာ ၀န်ဆောင်မှုတွေကို ပြည်သူလူထုထံ စတင်ပေးအပ်တော့မှာဖြစ်ပါတယ်။ သူတို့ရဲ့ ၀န်ဆောင်မှုတွေကိုတော့ ရန်ကုန်မြို့မှာ စတင်ပေးအပ်သွားမှာဖြစ်ပြီး မကြာမီကာလအတွင်း မန္တလေးနဲ့ နေပြည်တော်တို့အပြင် မြန်မာပြည်အနှံ့ ၀န်ဆောင်မှုတွေ ပေးအပ်သွားမှာပါ။ myKyat နဲ့ ပတ်သက်ပြီး Frontier Technology ၏ Communication Officer ဖြစ်သူ ကိုမြင့်ဟိန်းဌေးနှင့် တွေ့ဆုံမေးမြန်းချက်များကို ရေးသားဖော်ပြပေးမှာဖြစ်ပါတယ်။

မေး - အစ်ကို၊ မင်္ဂလာပါ။

ဖြေ - ဟုတ်ကဲ့၊ မင်္ဂလာပါ။

မေး - အစ်ကိုတို့အခု ရန်ကုန်မှာ စတင်ဝန်ဆောင်မှုပေးတော့မယ့် myKyat အကြောင်းပြောပြပေးပါဦး။

ဖြေ - ဟုတ်ကဲ့ပါ။ myKyat ဆိုတာက Mobile Money System တစ်ခုဖြစ်ပါတယ်။ မိုဘိုင်းဖုန်းပေါ်ကနေ ငွေပို့လို့ရမယ်။ ငွေလွှဲလို့ရမယ်။ နောက်ပြီးတော့ ငွေထုတ်လို့ရပါလိမ့်မယ်။ ဒါ့အပြင် စားသောက်ဆိုင်လိုနေရာမျိုးတွေ၊ Shopping Center တွေအစရှိတဲ့ နေရာတွေမှာလည်း ငွေပေးချေမှုတွေ ပြုလုပ်နိုင်မှာပါ။

မေး - ဒါဆိုရင် myKyat Mobile Money System က အမျိုးအစားဘယ်နှစ်မျိုးလောက်ရှိပါသလဲ။ မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်တွေရော ရရှိခဲ့ပြီးပြီလား။

ဖြေ - ကျွန်တော်တို့ရဲ့ Mobile Money System မှာ Channel (4) ခု ရှိပါတယ်။ အဲဒါတွေကတော့ USSD System, SMS System, Mobile Application System နဲ့ Webportal System တို့ ဖြစ်ပါတယ်။ User တွေ စိတ်ချလုံခြုံစွာ အသုံးပြုနိုင်ဖို့အတွက်လည်း ဂျာမန်နည်းပညာတစ်ခုဖြစ်တဲ့ SAP System ကို ကိုအသုံးပြုထားပါတယ်။ မြန်မာနိုင်ငံဗဟိုဘဏ်မှာ တရားဝင် Mobile Money လုပ်ဖို့ ခွင့်ပြုခဲ့ပြီးပါပြီ။ အခုလောလောဆယ်မှာ USSD နဲ့ SMS System အတွက်က MPT နဲ့ ချိတ်ဆက်ထားပါတယ်။ Apps နဲ့ Webportal ကိုတော့ အဆင်ပြေမယ့် Internet Connection နဲ့ အသုံးပြုလို့ရပါတယ်။

မေး - အစ်ကိုတို့ရဲ့ myKyat နဲ့ အတူတကွ ချိတ်ဆက်ဆောင်ရွက်မယ့် ဘဏ်တွေရှိရင် ပြောပြပေးပါ။

ဖြေ -  myKyat ရဲ့ Principle က ပထမ ပုဂ္ဂလိကဘဏ်ဖြစ်ပါတယ်။ နောက်ပြီးတော့ အရောင်းဆိုင်တွေ၊ Money Changer တွေနဲ့ ဖုန်းဆိုင်တွေကိုလည်း myKyat ရဲ့ ကိုယ်စားလှယ်အဖြစ် ဖိတ်ခေါ်ထားပါတယ်။ Mobile Money ဆိုတာက ကိုယ်စားလှယ်ကို အဓိကအခြေခံထားတာပါ။

မေး - ကိုယ်စားလှယ်ပေါင်း ဘယ်နှစ်ဦးလောက်ဖိတ်ခေါ်ခဲ့ပြီးပြီလဲ။

ဖြေ - သူတို့နဲ့ကစပြီး ဆွေးနွေးနေတုန်းပဲရှိပါသေးတယ်။ မသေချာသေးတာကြောင့် ပြောလို့တော့ မရသေးပါဘူး။

မေး - myKyat ရဲ့ ၀န်ဆောင်မှုတွေနဲ့ ဘယ်လို Register လုပ်ရမယ်ဆိုတာကို သိချင်ပါတယ်။

ဖြေ - အသုံးပြုလိုတဲ့သူက myKyat ကိုယ်စားလှယ်များထံမှာ သူတို့ရဲ့ဘဏ်အကောင့် (သို့) သူတို့ရဲ့ myKyat စားရင်းထဲကို ထည့်သွင်းလိုတဲ့ ငွေပမာဏကို ဖြည့်သွင်းနိုင်ပါတယ်။ myKyat Account မရှိသေးတဲ့သူတွေကလည်း ကိုယ်စားလှယ်တွေကနေတဆင့် myKyat Account ရှိတဲ့သူုထံငွေလွှဲပေးလို့ရပါလိမ့်မယ်။ ဒါ့အပြင် myKyat Account ထဲကငွေတွေကို ထုတ်ယူလိုပါက နီးစပ်ရာ ကိုယ်စားလှယ်တွေထံမှာ အလွယ်တကူ ထုတ်ယူနိုင်ပြီး ဘီလ်ပေးဆောင်ခြင်းနဲ့ မိုဘိုင်းဖုန်းများကို ငွေဖြည့်သွင်းပေးခြင်းတို့ပြုလုပ်နိုင်ပါတယ်။ အသုံးပြုလိုတဲ့သူက Registration Form မှာ အမည်၊ အဖအမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ Email၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်၊ ဖုန်းနံပါတ်တို့ကို ဖြည့်စွက်ကာလွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။

မေး - ငွေလွှဲခနှုန်းထားတွေနဲ့ ငွေထုတ်တဲ့အခါမှာ အကြိမ်ရေ သတ်မှတ်ချက်ရှိပါသလား။

ဖြေ - ဘဏ်တွေရဲ့ ငွေလွှဲခနှုန်းထားအတိုင်း ၀န်ဆောင်မှုပေးအပ်သွားမှာဖြစ်ပါတယ်။ ငွေထုတ်တဲ့အခါမှာ ကန့်သတ်ချက်ကတော့ တစ်ရက်ကို တစ်ခါထုတ်ရင် ငွေကျပ်(၅)သိန်း ထက်ကျော်လို့မရပါဘူး။ တစ်နေ့သုံးကြိမ်ထက်ပိုထုတ်ခွင့်မရှိပါဘူး။ တစ်ရက်ကို ငွေကျပ် (၁၀)သိန်းထက်ပိုထုတ်လို့လည်း မရနိုင်ပါဘူး။

မေး - myKyat ကို ၀န်ဆောင်မှုပေးရတဲ့ ရည်ရွယ်ချက်တွေရှိရင် ပြောပြပေးပါ။

ဖြေ - အဓိက ရည်ရွယ်ချက်ကတော့ Banking System မရှိသေးတဲ့၊ Bank တွေနဲ့ ဝေးကွာတဲ့ ကျေးလက်ဒေသက လူတွေငွေပို့၊ ငွေလွှဲတဲ့အခါမှာ အဆင်ပြေစေဖို့အတွက်ပါ။ နောက်ပြီးတော့ ပြည်တွင်းမှာ e-commerce တွေ၊ m-commerce တွေ ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့အတွက်လည်း ကူညီထောက်ပံ့ပေးချင်ပါတယ်။ မိုဘိုင်းဖုန်းကို စကားပြောတဲ့၊ Internet သုံးတဲ့ ပစ္စည်းတစ်ခုအဖြစ်သာမက ဖုန်းပိုက်ဆံအိတ်ပုံစံဖြစ်စေချင်ပါတယ်။ User Training တွေပေးဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။

မေး - ဘာတွေများ ထပ်မံဖြည့်စွက်ပြောကြားချင်ပါသလဲ။

ဖြေ - myKyat ၏ SMS, Apps နဲ့ Webportal Channel တွေကို English၊ Myanmar (၂) ဘာသာနဲ့ အသုံးပြုလို့ရမှာပါ။ ကျေးလက်ဒေသအတွက်ကတော့ USSD Channel နဲ့ ပိုပြီးသင့်တော်လိမ့်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ USSD က Internet Connection ကို မှီခိုနေစရာမလိုတာကြောင့်ပါ။ myKyat ရဲ့ Mobile Banking System ကို အသုံးပြုခြင်းကြောင့် ကုန်ကျစရိတ်သက်သာ၊ အချိန်ကုန်သက်သာစွာဖြင့် မိုဘိုင်းဖုန်းကို အသုံးပြုကာ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲနိုင်ပါလိမ့်မယ်။ ဘဏ်စနစ်ကိုလည်း (24) နာရီ၊ (7) ရက်ပတ်လုံး ပိတ်ရက်မရှိ၊ အချိန်နဲ့ တပြေးညီလုပ်ဆောင်နိုင်ပါလိမ့်မယ်လို့ ပြောကြားလိုပါတယ်။

မေး - အခုလို ဖြေကြားပေးတဲ့အတွက် အထူး ကျေးဇူးတင်ရှိပါတယ်။

Ref: NetGuide Journal (Vol:3, Issue:64)

MZ