Welcome

တစ်နေ့လျှင်ကျပ်(၁၀)သိန်းထိ ငွေလွှဲပေးပို့နိုင်မည့် myKyat ငွေကြေးဝန်ဆောင်မှုစနစ် ရန်ကုန်မြို့တွင် စတင်အသုံးပြုနိုင်တော့မည် ဟု Frontier Technology Partners ၏ CEO ဦးအောင်မြင့်ထွန်းမှ Democracy Today နေ့စဉ်သတင်းစာသို့ ပြောကြား

09 Dec, 2014

ကျပ်(၁၀)သိန်းထိ ငွေလွှဲပေးပို့နိုင်မည့် myKyat ငွေကြေးဝန်ဆောင်မှုစနစ် ရန်ကုန်မြို့တွင် စတင်အသုံးပြုနိုင်တော့မည်

            ဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ရန် မလိုအပ်ဘဲ မိုဘိုင်းဖုန်းဖြင့် ငွေကျပ် (၁၀) သိန်းအထိ ငွေလွှဲပြောင်းပေးပို့နိုင်မည့် myKyat ငွေကြေးဝန်ဆောင်မှုစနစ် ရန်ကုန်မြို့တွင် စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း Frontier Technology Partners မှသိရသည်။

            myKyat ငွေကြေးဝန်ဆောင်မှုစန်စဆိုသည်မှာ မိုဘိုင်းဖုန်းမှတစ်ဆင့် အချင်းချင်းငွေလွှဲပြောင်းခြင်း၊ ငွေလက်ခံခြင်း၊ ငွေတောင်းခံခြင်း၊ အရောင်းအ၀ယ်ကိစ္စများအတွက် ငွေပေးချေခြင်း၊ လစာထုတ်ပေးခင်း အစရှိသည်တို့ကို အင်တာနက်ကွန်ရက်အဆက်အသွယ်မလိုအပ်ဘဲ အသုံးပြုနိုင်သည့် ၀န်ဆောင်မှုဖြစ်ကြောင်းသိရသည်။

            Frontier Technology Partners ၏ CEO ဦးအောင်မြင့်ထွန်းက “ တစ်ရက်ကို ကျပ်၁၀သိန်းအထိ ငွေထုတ်ယူလို့ရနိုင်မယ်၊ myKyat ၀န်ဆောင်မှုက ဘဏ်အကောင့်မရှိတဲ့သူတွေ ဖုန်းကနေတစ်ဆင့် ငွေကြေးကိစ္စအသုံးပြုနိုင်အောင် ဆောင်ရွက်ထားတာဖြစ်တယ်။ ဒီစနစ်ကို လာမယ့်နှစ် ဇန်န၀ါရီ (သို့) ဖေဖော်ဝါရီလမှာ ရန်ကုန်တစ်မြို့လုံးစပြီး အသုံးပြုနိုင်မှာပါ။ ငွေကြေးကိုင်ဆောင်စရာမလိုတော့ဘဲ ငွေရှင်းတဲ့ကိစ္စတွေပါ လုပ်လို့ရအောင်စီစဉ်နေပါတယ်” ဟုပြောသည်။

            ငွေကြေးဝန်ဆောင်မှုများအတွက် မြို့နယ် အနှံ့တွင် ကိုယ်စားလှယ်မှားထားရှိသွားမည်ဖြစ်ကာ ကိုယ်စားလှယ်များထားရှိထားနိုင်ရန်အတွက် ငွေကြေးဝန်ဆောင်မှုအတွေ့အကြုံရှိသူများ၊ စီးပွားရေးလုပ်ငန်းတစ်ခုခုကိုပိုင်ဆိုင်ထားသူများ၊ ဆိုင်အမျိုးအစားတစ်ခုခုကိုပိုင်ဆိုင်သည့် ဆိုင်ရှင်များသည် ငွေသွင်းငွေထုတ် ကိုယ်စားလှယ်အဖြစ် ပူးပေါင်းလုပ်ကိုင်နိုင်ကြောင်းသိရသည်။

            “ငွေထုတ်တဲ့ ကိစ္စအတွက် ၀န်ဆောင်ခ တစ်ခု သတ်မှတ်ထားပါတယ်။ ငွေကြေးနဲပတ်သက်တဲ့ဝန်ဆာင်မှုဖြစ်တဲ့ လုံခြုံမှုရှိအောင်ဆောင်ရွက်ထားတယ်။ ဒီ Mobile Money စနစ်အစီအစဉ်တွေဟာ SAP ဂျာမန်နည်းပညာနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ထားတာပါ” ဟုပြောသည်။

            အဆိုပါ myKyat ငွေကြေးဝန်ဆောင်မှုအသစ် အသုံးပြုနိုင်ရန်အတွက် USSD, SMS, Application တို့တွင် မှတ်ပုံတင်နိုင်ပြီး www.mykyat.com တွင် ၀င်ရောက်ကြည့်ရှုနိုင်ကာ မိုဘိုင်းအပလီကေးရှင်းကို Google Play Store တွင် ဒေါင်းလုတ်ခ်ရယူနိုင်သည်ဟုသိရသည်။

            အဆိုပါဝန်ဆောင်မှုစနစ်ကို ဒီဇင်ဘာ(၈)ရက်တွင် ရန်ကုန်မြို့ ၌ ကိုယ်စားလှယ်နှစ်ဦး၊ myKyat အသုံးပြုသူ ၁၂ ဦး၊ ကုမ္ပဏီတစ်ခုနှင့် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတစ်ခုတို့အား စတင်မိတ်ဆက်ခဲ့ကြောင်းသိရသည်။

Ref: Democracy Today Daily Newspaper

PTT