Welcome

ရန်ကုန်မြို့တွင် အသုံးပြုနိုင်တော့မည့် မိုဘိုင်းငွေကြေး ၀န်ဆောင်မှုများ အကြောင်းကို myKyat မှအင်တာနက်ဂျာနယ်သို့ ရှင်းလင်းပြောကြား

06 Nov, 2014

မိုဘိုင်းဖုန်းဖြင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်မည့် myKyat Mobile Money ကို ၂၀၁၅ ခုနှစ်ဇန်န၀ါရီလအတွင်း စတင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း Frontier Technology Partners မှစီအီးအို Tim Scheffmann ကပြောသည်။
myKyat Mobile Money ၀န်ဆောင်မှုမှာ မိုဘိုင်းဖုန်းများအချင်းချင်းငွေလွှဲပေးပို့နိုင်ရုံမက ဈေးဝယ်ယူ ခြင်း၊ လစာငွေများလွှဲခြင်း၊ စားသောက်ကုန်များဝယ်ယူခြင်း၊ ဖျော်ဖြေရေးကိစ္စရပ်များအတွက်ငွေလွှဲ ခြင်းအစရှိသည့် ၀န်ဆောင်မှုများကိုလည်းရရှိမည်ဖြစ်ကြောင်း၊ လက်ရှိအဆိုပါဝန်ဆောင်မှုအတွက် ကိုယ်စားလှယ် ဆောင်ရွက်လိုသူများကိုဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။ “myKyat Mobile Money ကိုကျေးလက်ဒေသမှာရှိတဲ့သူတွေအတွက် အဓိကထားဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်လိုတဲ့သူတွေအနေနဲ့ www.mykyat.com ၀က်ဘ်ဆိုက်မှာ သတင်းအချက်အလက်တွေကြည့် ဖောင်ဖြည့်စွက်ပြီးလျှောက်ထားနိုင်ပါတယ်၊ ဒါမှမဟုတ်လည်း ရုံးကိုဆယ်သွယ်နိုင်ပါတယ်” ဟု Tim Scheffmann ကပြောသည်။
myKyat Mobile Money ၀န်ဆောင်မှုအတွက်ပထမပုဂ္ဂလိကဘဏ်နှင့်ချိတ်ဆက်ဆောင်ရွက်ထား ကြောင်း၊ ၀န်ဆောင်မှုအသုံးပြုရန်အတွက်ဘဏ်အကာင့်ရှိရန်လိုမည်မဟုတ်ကြောင်းသိရသည်။ “ငွေ လွှဲခြင်းတစ်ကြိမ်ပြုလုပ်ရင် ငါးသိန်းထက်မပိုရဘူးလို့သတ်မှတ်ထားပြီးတစ်ရက်ကိုဆယ်သိန်းထက်ပို ထုတ်ယူလို့မရပါဘူး၊ ဘယ်ဖုန်းအမျိုးအစားနဲ့မဆိုဒီဝန်ဆောင်မှုကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်” ဟု Tim Scheffmann ကဆက်လက်ပြောကြားသည်။ ဗဟိုဘဏ်မှချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများ နှင့်အညီကိုယ်စားလှယ်များကိုစီစစ်ရွေးချယ်ကာ ပထမပုဂ္ဂလိကဘဏ်မှ တရားဝင်ကိုယ်စားလှယ် အဖြစ်ခန့်အပ်သွားမည် ဖြစ်ကြောင်း ဆိုသည်။
စီးပွားရေးလုပ်ငန်းချဲ့ထွင်လိုသောလက်လီလက်ကားအရောင်းဆိုင်ရှင်များ၊ အခြားလုပ်ငန်းရှင်များအတွက် ဆိုင်တစ်ဆိုင်ရှိရုံဖြင့်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်သည် ဟုသိရသည်။ ငွေလွှဲဝန် ဆောင်ခအတွက် သင့်တင့်မျှတသောနှုန်းထားဖြင့် ဆောင်ရွက်မည်ဟုဆိုသည်။ myKyat (your mobile money) မိုဘိုင်းဖုန်းဖြင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းအား လုံခြုံရေးနှင့်ပတ်သက်၍လည်း စိတ်ချရသော အနေအထားဖြစ်အောင်ဆောင်ရွက်ထားသည် ဟုပြောကြားသည်။ အဆိုပါစနစ် အတွက် တစ်နှစ်ခွဲခန့် စမ်းသပ်အကောင်အထည်ဖော်ခဲ့ပြီး SAP ဂျာမနီနည်းပညာကို အသုံးပြုထား ကြောင်း သိရသည်။ 

 

ထွန်းထွန်း

Internet Journal 
Vol. 15, No.43, November 06, 2014