Welcome

Mr.Tim Scheffmann မှ myKyat ၏ ၀န်ဆောင်မှုအသစ်များကို မိဇ္ဇျိမ သတင်းဂျာနယ်သို့ ရှင်းလင်းပြောကြား

03 Nov, 2014

မိုဘိုင်းဖုန်ပေါ်မှ ငွေလွှဲ၊ ငွေပို့ခြင်းနှင့် ငွေထုတ်ယူခြင်းများပြုလုပ်နိုင်မည့် myKyat မိုဘိုင်းငွေကြေး ၀န်ဆောင်မှုကို ရန်ကုန်၌ ဇန်န၀ါရီလအတွင်း စတင်အသုံးပြုသွားနိုင်ရန်လုပ်ဆောင်နေသည်ဟု myKyat Mobile Money ၀န်ဆောင်မှုပေးမည့် Frontier Technology Partners ၏ အမှုဆောင်အရာရှိချုပ် Mr.Tim Scheffmann က မဇ္ဇျိမကို ပြောသည်။
myKyat မိုဘိုင်းငွေကြေးဝန်ဆောင်မှုကို စတင်နိုင်ရန်အတွက် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများပေးနိုင်မည့် ကိုယ်စားလှယ်များကိုဖိတ်ခေါ်ထားသည် ဟူ၍လည်း ၄င်းက ဆိုသည်။
Mr.Tim Scheffmann က “myKyat မိုဘိုင်းဝန်ဆောင်မှုအတွက် ကိုယ်စားလှယ်လုပ်ချင်တဲ့ အရောင်းဆိုင်တွေကိုတော့ ဖိတ်ခေါ်ထားပါတယ်။ တစ်နိုင်ငံလုံးအနေအထားနဲ့ ကိုယ်စားလှယ်ပေါင်း ၇,၀၀၀ နီးပါးလောက်လိုအပ်လိမ့်မယ်။ အရင်ဆုံးရန်ကုန်မှာ ၀န်ဆောင်မှုကိုစတင်ပြီး တစ်နိုင်ငံလုံး အနေအထားကို တစ်ဖြည်းဖြည်းတိုးချဲ့သွားမှာပါ။” ဟုဆိုသည်။
ငွေကြေးဝန်ဆောင်မှုပိုင်းတွင်လည်း ဘဏ်လုပ်ငန်း၊ ငွေကြေးအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်ထားပြီး ၀န်ဆောင်မှုပေးမည့် နည်းပညာပိုင်းနှင့်ပတ်သက်၍ ကြိုတင်စမ်းသပ်မှုများပြုလုပ်ထားပြီး ဗဟိုဘဏ်ကလည်း ယင်းနည်းပညာဝန်ဆောင်မှုများကို ခွင့်ပြုထားပြီ ဟုဆိုသည်။
၎င်းက “ ကျွန်တော်တို့က ၀န်ဆောင်မှုပေးတဲ့ Service Provider ပါ။ ငွေကြေးဝန်ဆောင်မှုအတွက် ပထမ ပုဂ္ဂလိကဘဏ် ၊ငွေကြေးကုမ္ပဏီ လေးခုလောက်နဲ့ ချိတ်ဆက်ထားပြီးပြီ။ ငွေကြေးဝန်ဆောင်မှုပေးမယ့် ကိုယ်စားလှယ်တွေ၊ဘဏ်လုပ်ငန်း အများကြီးနဲ့ ချိတ်ဆက်ထားမှအသုံးပြုသူအတွက် အသုံးပြုရအဆင်ပြေမယ်။ ဒါ့ကြောင့် အခြားဘဏ်၊ ငွေကြေးလုပ်ငန်းတွေနဲ့လည်း ချိတ်ဆက်ဖို့လုပ်နေပါတယ်” ဟုဆိုသည်။
ငွေကြေးဝန်ဆောင်မှုအပြင် တယ်လီကွန်းကွန်ရက်ပိုင်းတွင်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ ကွန်ရက်ကို အသုံးပြုသွားမည်ဖြစ်ပြီး အခြားအော်ပရေတာများဖြစ်သော တယ်လီနောနှင့် အူရီဒူး တို့၏ ကွန်ရက်များကိုလည်း ချိတ်ဆက်အသုံးပြုနိုင်ရန် စီစဉ်သွားမည်ဖြစ်သည်။ MyKyat မိုဘိုင်းငွေကြေးဝန်ဆောင်မှုကို မည်သည့်မိုဘိုင်းဖုန်းအမျိုးအစားနှင့်မဆို အသုံးပြုနိုင်မည်ဖြစ်ပြီး အသုံးပြုရာတွင် SMS,USSD,Mobile Apps နှင့် Web Portal အားလုံးတို့ဖြင့် အသုံးပြုသွားနိုင်မည် ဖြစ်သည်။
“ နည်းပညာပိုင်းတွေမှာလည်း ပုံစံမျိုးစုံနဲ့ အသုံးပြုနိုင်အောင်လုပ်ထားတယ်။ မိုဘိုင်းပေါ်က ငွေလွှဲငွေပို့ရုံတင်မကပဲ အွန်လိုင်းပေါ်က ပစ္စည်းတွေဝယ်ယူပြီး Mobile Payment စနစ်နဲ့ ငွေပေးချေနိုင်အောင်လုပ်သွားမယ်။ ငွေကြေးပိုင်းမှာလည်း ဘဏ်တွေ ငွေကြေးဝန်ဆောင်မှုကုမ္ပဏီတွေ အများကြီးနဲ့ချိတ်ထားပြီး ဘယ်နေရာမှာမဆို ထုတ်ယူနိုင်ဖို့နဲ့ ကိုယ်စားလှယ်တွေအများကြီးရှိထားဖို့လိုတယ်။ ဒါမှ မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေ ပိုမိုအောင်မြင်လာမယ်လို့ ယုံကြည်ပါတယ်” ဟု Tim Scheffmann က ထပ်မံပြောကြားသည်။
ထို့ပြင် myKyat မိုဘိုင်းငွေကြေးဝန်ဆောင်မှုအတွက် ကိုယ်စားလှယ်လျှောက်ထားမှုကို 
www.mykyat.com တွင် လျှောက်ထားနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဘဏ်ဝန်ဆောင်မှုကို စီဘီဘဏ်က ၀န်ဆောင်မှုပေးနေပြီး မိုဘိုင်း Money ၀န်ဆောင်မှုကို အင်းဝဘဏ်က ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က စတင်ကာ ၀န်ဆောင်မှုပေးနေသည်။